Need Help? Call 0942 000 4551

ချိုလေးလိုအဖြစ်မျိုးနှင့် မကြုံကြပါစေနှင့်

ချိုလေးလိုအဖြစ်မျိုးနှင့် မကြုံကြပါစေနှင့်
April 7, 2015 TZO
Avatar
In Opinion

သွေးသည်အသက် ၊ အသက်သည်သွေး” တဲ့ ဒီစကားဟာ အကြွင်းမဲ့မှန်ကန်တဲ့ စကားတစ်ရပ် ဖြစ်ပါတယ်။   ပုလင်းနဲ့ လူရဲ့ အသက်တစ်ချောင်းကို ကယ်တင်နိုင်တယ်ဆိုတာ လုံးဝမငြင်းနိုင်တဲ့ အချက်တစ်ချက်ပါ။ ဒါ့ကြောင့်လည်း  “သင့်သွေးဖြင့် အသက်ကယ်ပါ” ဆိုတာ သွေးလှူဘဏ်ရဲ့ဆောင်ပုဒ် ဖြစ်နေတာပေါ့။

ကြာတော့ကြာခဲ့ပါပြီ။ ဒါပေမယ့် ပြန်တွေးကြည့်လိုက်ရင် မနေ့တစ်နေ့ကလိုပါပဲ။ ညီမဝမ်းကွဲ တစ်ယောက်ရဲ့   ချိုလေးလို့ခေါ်တဲ့ မောင်အငယ်ဆုံး တစ်ယောက်ဟာ ကားအက်ဆီးဒင့်ဖြစ်ပြီး အချိန်မှီ သွေးသွင်းကုသနိုင်ခြင်း မရှိခဲ့လို့ မသေသင့်ပဲ သေခဲ့ရ ပါတယ်။ သူကသူ့အမရဲ့ ရန်ကုန်-ဇလွန်ကားလိုင်းမှာ စပယ်ယာ လိုက်နေတာပါ။ စပယ်ယာ ဆိုတော့ ဘက်စ်ကားရဲ့ အတက် အဆင်းပေါက်မှာ ခိုလိုက်လာရင်းနဲ့ ထော်လာဂျီနဲ့ ချိတ်မိသွားတာ။ လူနာရှင်တွေ လိုက်သွားတဲ့အခါ ဆေးရုံကုတင်ပေါ်မှာ တစ်ယောက်တည်း ဒီအတိုင်း ပစ်ထားကြတာလို့ပြောတယ်။ ဘာမှလုပ်ပေးမထားဘူးတဲ့။တကယ်ဆိုရင် ဒဏ်ရာရထားတဲ့ လူနာတစ်ယောက်ကို သွေးတိတ်အောင် အရင်လုပ်ပေးပြီးရင် သွေးပုလင်း ချိတ်ပေးထားရမှာ။ ဆေးရုံမှာ လိုအပ်တဲ့ သွေးအမျိုးစားပဲ မရှိလို့လား။

လူနာရှင်တွေလာတဲ့အထိ စောင့်နေတာလား။ ဘာမှအလကားမရဘူးဆိုပြီး ဒီအတိုင်းထားတာလား။ စရိတ်မျှပေးဆိုပြီး ပတ်တီး တွေ ဂွမ်းတွေကအစ ဝယ်ပေးနေရတဲ့ လောကမှာ (အခုတော့ အဲဒီလို မဟုတ်တော့ဘူးလို့ သိရပါတယ်) ဒဏ်ရာပြင်းပြင်းထန်ထန် ရလာတဲ့ သူတစ်ယောက်ကို လိုအပ်တဲ့ ကုသမှုလေးတွေ လုပ်ပေးထားရင် လူနာရှင်တွေကလည်း မတတ်နိုင်သူတွေ မဟုတ်ပါဘူး။ ကျသမျှ ကုန်ကျစရိတ်ကို ရှင်းပေးနိုင်တဲ့သူတွေပါ။ လူ့အသက်ထက်တော့ ဘာမှအရေးမကြီးပါဘူး။ လူ့အသက်တစ်ချောင်း ကယ်ကောင်းပါတယ် ဆိုတဲ့ခံယူချက် မရှိကြတော့ဘူးလား။

နောက်ဆုံးတော့ အသက် ၂၀ ကျော်လောက်ပဲ ရှိသေးတဲ့ လူငယ်လေးတစ်ယောက်ကို ပစ်လိုက်ရပါတယ်။ စောစောက ပြောခဲ့ သလိုပဲ သွေးလေးတစ်ပုလင်းလောက် သွင်းထားနိုင်ရင် မျှော်လင့်ချက် ရှိကောင်းရှိနိုင်သေးတယ်။ ယူကျုံးမရ ဖြစ်ရပေမယ့် ကိုယ်တို့ မြန်မာလူမျိုးတွေက သည်းခံတတ် ခွင့်လွှတ်တတ်တာမို့ သူ့ရဲ့ကံတရားပဲလေ   ဆိုပြီးဖြေသိမ့်ကြပါတယ်။လူ့အသက် တစ်ချောင်းအတွက် သွေးဟာအရေးပါတယ်ဆိုတာသိထားတော့ သွေးလှူချင်တဲ့ စိတ်ကကိုယ့်မှာ အမြဲရှိပါတယ်။ ဒဏ်ရာရ လို့ဖြစ်ဖြစ် ခွဲစိတ်ရလို့ဖြစ်ဖြစ် နောက်ဆုံးသွေးကင်ဆာ သမားတွေအတွက် သွေးဟာမဖြစ်မနေလိုအပ်ပါတယ်။၁၉၇၅ခုနှစ် လောက်သန်းခေါင်စာရင်းဌာန၊ စက်စာရင်းပြု ဌာနခွဲမှာလုပ်ခဲ့တုန်းက ဌာနကအရာရှိ လင်မယားနှစ်ယောက် ကားအက်ဆီးဒင့် ဖြစ်လို့ ဆေးရုံရောက်နေကြတာ သွေးလှူမယ့် သူတွေလာခေါ်တော့ သူငယ်ချင်းတွေနဲ့အတူ ကိုယ်လည်းလိုက်သွားတယ်။

ဆေးရုံရောက်တော့ ကျန်တဲ့သူတွေ အားလုံး လှူလို့ရပြီးကို တစ်ယောက်ထဲ ကိုယ်အလေးချိန်ပေါင် ၁၀ဝ မပြည့်လို့ ဆိုပြီး သွေး မလှူခဲ့ရပါဘူး။ အဲဒီတုန်းက ကိုယ်ကပိန်တော့ နောက်ပိုင်းအသက်နည်းနည်းကြီး လာတဲ့အထိတောင် ပေါင်ချိန် ၁၀၄-၁၀၅ လောက်ပဲ အလွန်ဆုံးရှိပါတယ်။ ထွေအုပ်မှာ ကိုယ်ရှိနေတဲ့အချိန် သွေးနှစ်ခါလှူဘူးပါတယ်။ ပထမတစ်ကြိမ်ကတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးက သွေးလှူဘဏ်မှာပါ။ Aသွေးအရေးတကြီး လိုအပ်နေတဲ့ သွေးကင်ဆာ ရောဂါဝေဒနာရှင် သမီးလေးအတွက် သွေးအလှူရှင်ရှာရင်း သောကဗျာပါဒတွေ များနေရတဲ့ဖခင်   အဖို့( အဲဒီအချိန်တုန်းက သွေးလှူဘဏ်မှာလည်း A သွေးပြတ် နေတယ် ထင်ပါတယ်) သွေးအလှူရှင် ရပြီလည်းဆိုရော ဝမ်းသာသွားတဲ့ပုံဟာ ကိုယ်မျက်စိထဲက မထွက်ပါဘူး။ ဖခင် တစ်ယောက်ရဲ့ မေတ္တာပေါ့။

သွေးလှူဖို့တန်းစီနေတဲ့ သူတွေထဲမှာ ကိုယ်က Aသွေးမို့ ပထမဦးဆုံး လှူလိုက်ရပါတယ်။ ကိုယ်အနေနဲ့လည်း အဲဒီတုန်းက ဖြစ်ပေါ်လာတဲ့ ပီတိဟာ တစ်ခါဆို ဆိုသလောက် ပြောမပြတတ်အောင်ပါပဲ။လူနာရှင်ဟာ ကျေးဇူးတင်လို့ မစားတော့ပါဘူး ဆိုတာတောင် အဲဒီနားက ကင်တင်းန်းမှာ လဘက်ရည်နဲ့ မုန့်တွေ အတင်းလိုက် ကျွေးပါတယ်။ သွေးလှူဘဏ်ကတော့ ကြက်ဥ ပြုတ်နဲ့ ဖျူရာမင်းဘီစီ ပေးပါတယ်။ သွေးကင်ဆာ ဝေဒနာရှင်ဟာ တစ်ပတ်တစ်ခါလောက် သွေးသွင်းရတယ် ဆိုလားမသိပါ။နောက်အပတ်မှာလည်း ဝေဒနာသည် သမီးလေးအတွက် သွေးအလွယ်တကူ ရပါစေလို့ အဖေကြီးကို ဆုတောင်းပေးခဲ့ပါတယ်။

ဒုတိယအကြိမ် ကိုယ်သွေးလှူဖြစ်ခဲ့တာကတော့ ဗိုလ်တထောင်ဘုရားမှာ ပြုလုပ်ခဲ့တဲ့ ဒါနဥပပါရမီ အဖွဲ့ရဲ့ သွေးလှူဒါန်းပွဲမှာပါ။ သတင်းစာထဲမှာ ကြော်ငြာတာတွေ့ပြီး ရုံးပိတ်ရက်နဲ့လည်း ကြုံလို့ သွားလှူဖြစ်တာ။ အဲဒီတုန်းက သွေးလှူပြီးတော့ ဆီချက် ခေါက်ဆွဲ ကျွေးတယ်လို့  မှတ်မိတယ်။ နောက်ပိုင်းမှာတော့ ဆန္ဒရှိပေမယ့် အကြောင်းမျိုးမျိုးကြောင့် သွေးမလှူဖြစ်တော့ပါ။ ကိုယ့်ကျန်းမာရေးကို ပြန်ကြည့်ရတာလည်းပါတယ်။ နို့မဟုတ်ရင် လူမှုထူးချွန် ဆုတံဆိပ်တွေ ရရင်ရဦးမှာ။

သွေးလှူရှင်နဲ့ ပါတ်သက်ပြီး နိုင်ငံတော်ကောင်စီရဲ့ ၁၉၇၈ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ဂုဏ်ထူးဆောင်တံဆိပ်များ ဆိုင်ရာ ပြဌာန်းချက်မှာ လူမှုထူးချွန်တံဆိပ် (ပထမဆင့်) (ဒုတိယဆင့်) (တတိယဆင့်) တွေ သတ်မှတ်ချီးမြှင့်ပါတယ်။ အနိမ့်ဆုံးက စပြီးပြောရရင် လူမှုထူးချွန်(တတိယဆင့်)ကို သွေးအကြိမ် ၄၀ကနေ ၅၉ကြိမ်အထိ လှူဒါန်းတဲ့သူတွေ ရပါတယ်။ ဒုတိယ ဆင့်ကိုတော့  ၆၀ကနေ၆၄ကြိမ်အထိပါ။ ၆၅ ကြိမ်ကနေအထက် သွေးလှူဒါန်းတဲ့ သွေးအလှူ  ရှင်တွေကိုတော့ လူမှုထူးချွန် တံဆိပ်(ပထမဆင့်)ကို ချီးမြှင့်ပါတယ်။သွေးလှူဒါန်းတာနဲ့ ပတ်သက်လို့ ၄လပြည့်မှ တစ်ကြိမ်လှူရမယ်လို့ သွေးလှူဘဏ်ရဲ့ သတ်မှတ်ချက် ရှိပါတယ်။

၄ လမပြည့်ပဲနဲ့ လှူရင်  ကန့်သတ်ချက်နဲ့မညီလို့ တကယ်လည်း လှူတာဖြစ်ပေမယ့် သွေးလှူဒါန်းတဲ့ အကြိမ်ထဲမှာ ထည့်မတွက် ပါဘူး။ သွေးလှူဘဏ်ကတော့ သူလှူတဲ့ အကြိမ်အတိုင်း မှတ်တမ်းထုတ်ပေးပြီး ကျန်းမာရေး ဝန်ကြီးဌာန ကျန်းမာရေး ဦးစီးဌာနက သတ်မှတ်ချက်နဲ့ ညီမညီ စိစစ်ကာ ပြည်ထဲရေးဝန်ကြီးဌာန ဂုဏ်ထူးဆောင်ဘွဲ့များ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် ပဏာမ စိစစ်ရေးအဖွဲ့ကို သတ်မှတ်ချက်အတိုင်း ထောက်ခံပေးပို့ ရပါတယ်။ အဲဒီနောက်မှာတော့ ပဏာမ စိစစ်ရေးအဖွဲ့ရဲ့  ရုံးလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်ရတဲ့ ကိုဘအေးတို့ရဲ့ အပိုင်းဖြစ်သွားပါပြီ။

ပြည်ထဲရေးဝန်ကြီးဌာန ပဏာမ စိစစ်ရေးအဖွဲ့ဟာ ဗဟိုအာဏာပိုင် အဖွဲ့အစည်းတွေ အပါအဝင် ဝန်ကြီးဌာန အားလုံးနဲ့ ပြည်နယ်၊ တိုင်းတွေကပေးပို့တဲ့ ဘွဲ့တံဆိပ် ထောက်ခံချက်တွေကို အဆင့်ဆင့် စိစစ်ပြီး အစိုးရအဖွဲ့ကို တင်ပြရတာပါ။ အစိုးရ အဖွဲ့က pass ဖြစ်ရင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွဲ့ဖြိုးရေးကောင်စီကို ဆက်လက် တင်ပြပြီး အဲဒီက သဘောတူရင် လွတ်လပ်ရေးနေ့မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ဖို့ လုပ်ရပါတယ်။ တာဝန်လည်း ကြီးတဲ့အလုပ်တွေပါ။ လူမှုထူးချွန်တံဆိပ် ဟာ ဖေါ်ပြပါ သွေးအလှူရှင်တွေ အပါအဝင် လူမှုရေး ဆောင်ရွက်ချက် (ကျောင်းဆောက် ၊ တံတားဖေါက်၊ ပညာရေး ၊ကျန်းမာရေး ၊ လူမှုရေး စတာတွေအတွက် ငွေကြေးလှူဒါန်းတာ) တွေအတွက်လည်း ချီးမြှင့်တာဖြစ်လို့မို့ တစ်နှစ်တစ်နှစ်ကို သုံးရာပတ်ဝန်းကျင်လောက်က အမြဲရှိပါတယ်။

ဒါပေမယ့် ကိုဘအေး ပင်စင်မယူခင် ၂ နှစ်လောက်အလိုမှာ အသဲအသန်လုပ်ခဲ့ရတဲ့ ၂၀ဝ၉ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ဂုဏ်ထူး ဆောင် တံဆိပ်များဆိုင်ရာ ပြဌာန်းချက်အသစ်မှာ (လုပ်ငန်းစတည်တာကနေ ပြဌာန်းချက်ထွက်တဲ့    အထိတစ်နှစ်ခွဲလောက် ကြာတယ်ဆိုတော့ ကိုယ်ပင်စင်မယူခင် သုံးနှစ်ခွဲလောက်အလိုလို့ ပြောရမယ်ထင်ပါတယ်) လူမှုထူးချွန် တံဆိပ်မပါတော့ပါဘူး။ သွေးအလှူရှင်တွေအတွက် ချီးမြှင့်စရာ မရှိတော့ဘူးပေါ့။ ဒါ့အပြင်ဌာနဆိုင်ရာ ဝန်ထမ်းတွေ  ( ဦးစီးအရာရှိ အဆင့်ကနေ ညွှန်ကြားရေးမှုးချုပ် ၊ ဦးဆောင်ညွှန်ကြားရေးမှုး အဆင့်အထိ)ကို ချီးမြှင့်တဲ့ စီမံထူးချွန်တံဆိပ်လည်း မပါတော့ပါဘူး။ သူကလည်း နှစ်စဉ်နှစ်စဉ် တစ်ရာကျော်နှစ်ရာ ပတ်ဝန်းကျင် လောက်အထိရှိပါတယ်။ ၁၉၇၈ခုနှစ် ပြဌာန်းချက် အဟောင်းကို ၂၀ဝ၉ခုနှစ် ပြဌာန်းချက်အသစ်နဲ့ ပယ်ဖျက်ခဲ့ပြီး လူမှုထူးချွန်တံဆိပ်၊ စီမံထူးချွန်တံဆိပ်များကို  မပေးတော့တာပါ။

ဒီအထဲမှာ စီမံထူးချွန်တံဆိပ်ကိုတော့ ထားလိုက်ပါ။ လူမှုထူးချွန်တံဆိပ် ဆိုတာက သွေးလှူရှင်တွေကို ချီးမြှင့်တာ။ သွေးလှူရှင် တွေဆိုတာ တစ်နှစ်တစ်နှစ် အရည်အတွက် မနည်းပါ။ သွေးက တစ်နှစ်ကို သုံးကြိမ် လှူလို့ရပါတယ်။ သွေးအကြိမ် ၄၀ကနေ ၅၉ကြိမ် အထိလှူရတဲ့ လူမှုထူးချွန်တံဆိပ် (တတိယဆင့်)ကို ရဖို့မလွယ်ကူပေမယ့် နောက်အဆင့်တွေကို ရဖို့က မခက်တော့ ပါဘူး။ သူငယ်ချင်းတစ်ယောက်ဆိုရင် ငယ်ငယ်ကတည်းက ပုံမှန်လှူခဲ့တာ ၆၅ ကြိမ်ကျော် သွားပြီးဖြစ်လို့ လူမှုထူးချွန် တံဆိပ် (ပထမဆင့်)တောင် ရသွားပြီးသွားပါပြီ။ တကယ်တော့ ဒီလိုသွေး အလှူရှင်တွေ ရှိနေလို့ လူနာတွေနဲ့ဆေးရုံ ဆေးခန်းတွေ အဆင်ပြေနေတာပါ။

တကယ်ဆို လုံလောက်မှုတောင် ရှိချင်မှ ရှိမှာပါ။ သွေးလှူရတာဟာ ဇီဝိတဒါနပါ။ ပြီးတော့ အင်္ဂဇီဝိတမ္ပိလို့ပြောရမယ့် ကိုယ့်ကိုယ် ထဲက သွေးကို လှူတာဆိုတော့ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို လှူသလိုပါပဲ။ တစ်ချိန်တုန်းကတော့ စီးပွားရေးအရ သွေးကိုရောင်း စားတဲ့သူတွေလည်း ရှိပါတယ်။ ဘာပဲပြောပြော အရေးတကြီး သွေးလိုအပ်တဲ့ လူနာရှင်ကတော့ ဝယ်ဆိုလည်း  ဝယ်ရမှာပါပဲ။ ရောင်းတဲ့သူရှိတာပဲ တော်သေးတယ် ပြောရမှာပေါ့။အခုတော့လည်း သွေးလှူတဲ့သူတွေ များလာတော့ ရောင်းစားတဲ့သူတွေလည်း ရှိတော့မှာမဟုတ်ပါဘူး။

ဆေးရုံဆေးခန်းတွေမှာ သွေးအမျိုးစားစုံအောင် ဖြည့်တင်းထားသင့်ပါတယ်။ လူနာတင်ကားတွေမှာလည်း A’ B’ AB’O စတဲ့ သွေးအမျိုးစား တစ်မျိုးစီကို ဆောင်ထားသင့်ပါတယ်။ အရေးတကြီး သွေးလိုအပ်တဲ့ လူနာကိုသွင်းပေးနိုင်တာပေါ့။ သွေးမသွင်း နိုင်လို့ သွေးထွက်လွန်ပြီး အသက် မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရတာမျိုး မဖြစ်လိုတော့ပါ။ မတော်တဆမှုဖြစ်တဲ့ဆီကို လက်လှမ်းမမှီလို့ အချိန်မှီမရောက်နိုင်လို့ အသက်ဆုံးရှုံးရတာမျိုးကိုတော့ မပြောလိုပါ။ လက်လှမ်းမီရဲ့သားနဲ့ သွေးအချိန်မီ မသွင်းနိုင်လို့ ကတိမ်း ကပါး ဖြစ်သွားရတာက မဖြစ်သင့်ပါ။

အခုဆိုရင် သွေးအလှူရှင်တွေအတွက် လူမှုထူးချွန်တံဆိပ်ကို ပြန်လည် ပြဌာန်းပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ လက်ရှိပြဌာန်းချက်မှာ မပါပေမယ့် ပြည်နယ်၊ တိုင်းတွေက နှစ်စဉ်နှစ်စဉ် ကျန်းမာရေးဝန်ကြီး ဌာကိုပေးပို့တဲ့ သွေးလှူရှင် ထောက်ခံချက်တွေက မနည်းပါ။ ပြည်ထဲရေးကလည်း လက်မခံလို့ သူတို့လည်း အခက်တွေ့နေပါတယ်။တကယ်တော့ သွေးလှူတယ်ဆိုတာ မလွယ်ပါ။ သွေးလှူဖူးတဲ့သူဟာ အချိန်ကျရင် မလှူပဲ မနေနိုင်ပါဘူး။ တစ်ကြိမ်မှ မလှူဖူးတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ ကိုဘအေးတောင် နှစ်ကြိမ်ပဲ လှူဖူးပါတယ်။ လူ့အသက်ကယ်တဲ့ သွေးကို တစ်ကြိမ်ဖြစ်ဖြစ် နှစ်ကြိမ်ဖြစ်ဖြစ် လှူတာကောင်းပါတယ်။ များများလှူနိုင်ရင် များများကုသိုလ်ရပါတယ်။ စောစောကပြောတဲ့ ဂုဏ်ထူးဆောင် တံဆိပ်တွေရမှရယ် မဟုတ်ပါဘူး။ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကို အသိမှတ်ပြုခံရရင်တော့ ကောင်းတာပေါ့။

သွေးလှူရှင်တွေကို သွေးလှူဘဏ်က ဂုဏ်ပြုတာလည်း ရှိပါတယ်။ဒါကြောင့် ဂုဏ်ပြုခံရတာဖြစ်စေ ဂုဏ်ပြုမခံရတာ ဖြစ်စေ ကိုယ့်သွေးနဲ့ လူ့အသက်ကို ကယ်ရတယ်ဆိုတာ အလွန်မွန်မြတ်ပါတယ်။ ဒီအလုပ်ဟာ လူတိုင်းလည်း မလုပ်နိုင်ပါဘူး။ အဲဒီ အတွက် ဂုဏ်ယူရမှာဖြစ်ပြီး သွေးလှူရှင်တွေဟာ သွေးလှူဒါန်းမှုတွေ ဆက်လက် ပြုလုပ်နိုင်ကြပါစေ။ ကိုဘအေးရဲ့တူ ချိုလေးလို အဖြစ်ဆိုးမျိုးနဲ့လည်း ဘယ်သူမှ မကြုံကြပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

Comments (0)

Leave a reply